• အမျိုးသမီးများပါဝင် ကခုန်ခွင့်မရှိသော တံခွန်တိုင်ပွဲ

    ကရင်နီ တိုင်းရင်းသားတွေ အထွဋ်အမြတ်ထားတဲ့ တံခွန်တိုင်ပွဲတော်ကို ဒီလထဲမှာပဲ ကရင်နီ ဒုကသည်စခန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်မှာ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ကို ထောင်ထားပြီး ဗုံ၊မောင်း။ ပုလွေတွေကို တီးမှုတ်ပြီး တိုင်ကို ပတ်ပတ် လည် ကခုန်တဲ့ ပွဲတော်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ကခုန်တဲ့ အထဲမှာ အမျိုးသမီးတွေ တော့ ပါဝင်ခွင့်မရှိပါဘူး။ ဘာကြောင့် အမျိုးသမီးတွေ ပါဝင်ခွင့်မရှိတာလဲ။ တခြားကရင်နီ ဓလေ့ထုံးစံတွေမှာကော ကရင်နီ အမျိုးသမီးတွေကို ခွဲခြားကန့်သတ်မှုတွေ ရှိနေပါသလားဆိုတာ တိုင်းရင်းသတင်းလွှာက ဒေလီထက်က စုစည်းတင်ပြထားပါတယ်။
    ---- --- ----
    ကရင်နီ လူမျိုးတွေက နတ်ကောင်းနတ်မြတ်တွေ တန်ခိုးရှင်တွေရဲ့ ကျေးဇူးတော်ချီးမွမ်းတဲ့ တံခွန်တိုင်ပွဲကို ကျင်းပနေကြတာပါ။ ဒါပေမဲ့ ဒီကပွဲမှာ အမျိုးသမီးတွေက တော့ ကခုန်ခွင့်မရှိပဲ တိုင်ကို လှည့်ပတ် ကခုန်နေတဲ့ အမျိုးသား တွေကို သပြေခက်နဲ့ ရေပက်ဖြန်းပေးရပါတယ်။
    အမျိုးသမီးတွေ ပါဝင် ကခုန်ခွင့်မရတာနဲ့ ပတ်သက်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ခူတော်ရယ်က ကရင်နီဘာသာနဲ့ အခုလိုပြောပါတယ်။

    “တခါတုန်းက ဓမ္မတာသွေးလာတဲ့အချိန် အမျိုး သမီးတစ်ယောက်ဟာ အီလူး ပွဲမှာ ကနေရင်း တံခွန်တိုင်ကို သွားထိတော့ ထောင်ပြီးသား တံခွန်တိုင်တွေဟာ လှဲကျသွားကုန် တယ် အဲဒီအချိန်က စပြီး မိန်းကလေးတွေကို ကခွင့်မပေးတော့တာဖြစ်တယ်။ နှုတ်ပြောရာဇာဝင်အရ များသောအားဖြင့် အဘိုးဘွားတွေက ဒီတခုပဲပြောကြ တယ်။ အယူအဆတွေက ဒီလိုဖြစ်လာတဲ့ အတွက်ခုထိ အစဉ်အလာတခုလိုဖြစ်လာတယ်”
    ဒီလို အစဉ်အလာတွေကို အမျိုးသမီးတွေကလည်း လက်ခံထားကြတဲ့အတွက် ပြင်ဆင်နိုင်ဖို့တော့ အတော့်ကို ခက်အုံးမယ်လို့ ကရင်နီ အမျိုးသမီး အဖွဲ့က အဖွဲ့ဝင်တဦးက ပြောပါတယ်။

    မိန်းကလေးတွေ ပါဝင်မှု အဲဒါနဲ့ပတ်သက်လို့ရှိရင် ဒီနေ့ဒီအချိန်မှာ ပြောမယ်ဆိုလို့ရှိရင်လဲ အဝေးကြီး မိန်းကလေးတွေအတွက်ပေါ့နော်။ ပါဝင်နိုင်ဖို့ဆိုရင်လဲ မလွယ်သေးဘူး။ ဘာဖြစ်လဲဆိုတော့ အယူတစ်ခု ရှိနေလို့ လူကယုံကြည်နေတယ်။ နောက်ပြီးမှ မိန်ကလေးတွေ ကိုယ်၌ကလည်း ယုံကြည်တယ်။ ဘယ်နှစ်နှစ် ထပ်ပြီးမှကြာအောင် နောက်ပါဝင်နိုင်မလဲဆိုလဲ ကျမတို့မသိဘူး
    တံခွန်တိုင်ပွဲ ကျင်းပရေးကော်မတီဝင်တဦးဖြစ်တဲ့ တော်ရယ်ကတော့ လူတဦးတယောက်ရဲ့ မြင့်မြတ်မှု၊ တန်ဖိုးရှိမှုတွေကို ယောကျာ်း-မိန်းမခွဲခြားပြီး မြင်တာ မသင့်တော်တော့ဘူးလို့ ပြောပါတယ်။

    ယောက်ျားလေးတွေက ကခွင့်ရှိတယ်။ ဒါပေမယ့် ကခွင့်ရှိတဲ့ ယောက်ျားတွေထဲမှာ သူခိုးတွေလဲ ပါဝင်နိုင်တယ်။ ကိုယ့်ကျင့်တရားမကောင်းတဲ့လူတွေလဲရှိနိုင်တယ်။ မိန်းကလေးနဲ့ ကခွင့်မရှိဘူး။ ဒါပေမယ့် ကျင့်ဝတ်တရားအရ ကခွင့်ရှိတဲ့ယောက်ျားလေးတွေထက် ကောင်းတာအများကြီးရှိတယ်။

    တံခွန်တိုင်ပွဲတော်လိုမှာပဲ ကရင်နီ ဓလေ့ထုံးစံတွေမှ အမျိုးသမီးတွေ ခွဲခြားကန့်သတ်ခံရမှုတွေ ရှိနေသေးတယ်လို့ အမျိုးသမီးအဖွဲ့ဝင်ကပဲ ပြောပါတယ်။ ဒါတွေ ကွယ်ပျောက်သွားဖို့ဆိုရင် အမျိုးသမီးတွေ ကြားမှာကော၊ ကရင်နီ လူ့အဖွဲ့အစည်းအတွင်းမှာကော ကျယ်ကျယ်ပြန့်ပြန့် ပညာပေးမှုတွေ၊ ဆွေးနွေးမှုတွေ လုပ်သွားဖို့လိုတယ်လို့ သူက ပြောသွားပါသေးတယ်ရှင်။

0 comments:

Post a Comment