• နှစ် ၆၀ မြောက် ကရင်နီတပ်မတော်နေ့ ဗိုလ်ချုပ်ဘီထူးနှင့် တွေ့ဆုံမေးမြန်းချက်

    နှစ် ၆၀ ပြည့်နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးနှင့် တွေ့ဆုံမေးမြန်းခြင်း
    သြဂုတ်လ ၁၉ ရက် ၂၀၀၈

    ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၏ ပြောဆိုချက်နှင့် ကန္တာရ၀တီတိုင်း(မ်) သတင်းထောက် ဒေလီထက်က တွေ့ဆုံမေးမြန်းထားပါသည်။

    မေး။ ဒီနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ ကရင်နီပြည် တပ်မတော်နေ့ ဖြစ်ပါတယ်။ ဒီ ၆၀ ပြည့်နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ ကျင်းပရတဲ့အကြောင်းကို ဗိုလ်ချုပ်အနေနဲ့ အရင်ဆုံးပြောပြပေးပါလား။

    ဗိုလ်ချုပ်ဘီထူး။ ကရင်နီပြည် တပ်မတော်နေ့ ကျင်းပတဲ့အကြောင်းကို ပြောရမယ်ဆိုရင် ကျတော်တို့ လူမျိုးတွေကို တခြားလူမျိုးတွေက ကျတော်တို့ နေထိုင်တဲ့နေရာဒေသကို ကျူးကျော်ဝင်ရောက် နယ်ချဲ့လာတယ်လေ။ ကျွန်အဖြစ် သူတို့လိုချင်တဲ့သဘော။ အဲဒါကြောင့်မလို့ ကျတော်တို့ပြန်ပြီး ခုခံတော်လှန်တာပေါ့။ ကျတော်တို့ဟာ သူတပါးနိုင်ငံကို လိုချင်လို့ စစ်တိုက်တာ မဟုတ်ပါဘူး။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်မှာ နယ်ချဲ့ကျူးကျော် စော်ကားလာသူတွေကို တွန်းလှန်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်နယ်ချဲ့ ဖဆပလ ကျူးကျော်ဝင်ရောက်လာလို့ ရရာလက်နက်လေးတွေကို ဆွဲကိုင်ပြီးတော့မှ တိုက်ကြတာဖြစ်ပါတယ်။ စစ်တိုက်ရာမှာ စုစည်းဖို့လိုတယ်။ ကျတော်တို့ ခေါင်းဆောင်တွေက ဒါကိုနားလည်တယ်၊ ဒါကြောင့် တမိန့်ထဲ၊ တသံထဲဖြစ်အောင် စုစည်းဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ ကနေ့အချိန်ထိ ကရင်နီပြည် တပ်မတော်နေ့ ကျင်းပရတာဖြစ်တယ်။

    မေး။ ကရင်နီပြည် တပ်မတော်အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။

    ဗိုလ်ချုပ်။ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ကျတော်တို့ကို ပြောတာလား။ မရှိဘူး။ ပေါ်လစီနည်းလမ်းကိုက မရှိဘူး။

    မေး။ ဒါဆိုရင် အပစ်ခတ်ရပ်စဲရေး ယူထားကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

    ကျတော်တို့ဟာ သူတပါးနိုင်ငံကို လိုချင်လို့ စစ်တိုက်တာ မဟုတ်ပါဘူး။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်မှာ နယ်ချဲ့ကျူးကျော် စော်ကားလာသူတွေကို တွန်းလှန်တိုက်ခိုက်တာ ဖြစ်ပါတယ်။ (ဓါတ်ပုံ-ဒေလီထက်)
    ဗိုလ်ချုပ်။ ဘယ်လိုပြောမလဲ၊ နအဖ ကရေးဆွဲတဲ့ ဒီ Constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ) အထဲမှာကိုက ပါပြီးသား။ တိုင်းပြည်တစ်ပြည်မှာ စစ်ဦးစီးချုပ်က တစ်ယောက်ထဲရှိရမယ်။ အဲဒါကြောင့် မလို့ Cease-fire group (အပစ်အခတ်ရပ်စဲရေး) အဖွဲ့တွေက ၂၀၀၉ ခုနှစ်မှာ လက်နက်အပ်ရမယ်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖွဲ့ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်လုပ်ရမယ်ဆိုတာ ရှိပါတယ်။

    မေး။ ။ နောက်ဒီ ကရင်နီပြည် တပ်မတော်ကနေ ခွဲထွက်သွားတဲ့ ကရင်နီအပစ်ရပ် အဖွဲ့တွေနဲ့ ပြန်လည်ပြီးတော့ သင့်မြတ်ဖို့ အစီအစဉ် ဘယ်လိုရှိပါသလဲ။

    ဗိုလ်ချုပ်။ ကျတော်တို့ အစီအစဉ်ရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆက်စပ်မှု အားနည်းတဲ့အပေါ်မှာ ကျတော်တို့ သဘောထားကို နားမလည်ဘူး။ တကယ်တမ်း ကျတော်တို့ဟာ လူသတ်သမား မဟုတ်ဘူး၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဆိုတာလည်းပဲ ဒီလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူတို့ သဘောမပေါက်လို့ပဲ၊ ဒါတစ်ခု။ သူတို့ လောလောဆယ်က ဘာပြောမလဲ။ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းမှုကမရှိတော့ ကျတော်တို့ရဲ့ သဘောထားကို သူတို့နားမလည်လို့ သဘောထား ကွဲလွဲတာပါ။

    မေး။ ။ အခုမြန်မာနိုင်ငံရေ အခြေအနေက အားရလောက်တဲ့ ပြောင်းလဲမှုမရှိတော့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနဲ့ ကရင်နီပြည်တပ်မတော်အပေါ် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူတွေကို ယုံကြည်မှုရှိအောင် ဘယ်လို တည်ဆောက်သွားမလဲ။

    ဗိုလ်ချုပ်။ နိုင်ငံရေး အခြေအနေက ပြောင်းလဲမှုမရှိဘူးလို့ ပြောလို့မရဘူး ထင်တယ်နော်။ ၂၀၁၀ ခုနှစ်က အပြောင်းအလဲ ဖြစ်လိမ့်မယ်နော်။ သူတို့ကို စည်းရုံးတာလဲ မဟုတ်ဘူး၊ ကျတော်တို့ အဖြစ်မှန်ကို ရှင်းပြတာပါ၊ လူငယ် လူရွယ်တွေက စာတတ်၊ ပေတတ်တဲ့ လူတွေက တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင် လုပ်မဲ့လူတွေပါ။ ကနေ့အချိန်ထိ ဦးဆောင်လာတဲ့ ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံက အတွေ့အကြုံအပေါ်မှာ လူငယ်လူရွယ်တွေ လေ့လာဖို့လိုတာပေါ့။

    မေး။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ကလေးစစ်သား အသုံးပြုတာတွေ ရှိတယ်လို့ အရင်တုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။ အခုအချိန်မှာရော ကလေးစစ်သားနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အနေနဲ့ ဘာပြောချင်ပါသလဲ။

    ဗိုလ်ချုပ်။ ရှိတယ်၊ မရှိဘူးဆိုတာကလဲ လေ့လာကြည့်ပေါ့။ လာကြည့်ပါ။ ဒီမှာ အခြေခံစခန်းလိုမျိုး ကျတော်ပြောနေတာ မဟုတ်ဘူး။ ရှေ့တန်းမှာလည်း လိုက်တွေ့ကြည့်၊ ကလေးတွေကျတော်တို့ အသုံးပြုတာရှိလာ၊ မရှိဘူးပဲ။ အရင်တုန်းက ကျောင်းသားရဲဘော်ဆိုတာ ရှိတယ်။ အသက်အရွယ်မပြည့်လို့ သူတို့ကို ပညာသင်ခိုင်းတယ်။ ကျောင်းပိတ်တဲ့အချိန်မှာ ဒီတပ်စခန်းတွေမှာ သူတို့လာလည်တာ ရှိကောင်းရှိလိမ့်မယ်။ စစ်အ၀တ်အစားသူတို့ ၀တ်တာ ရှိကောင်းရှိလိမ့်မယ်။ ကျတော်တို့ အသုံးမပြုဘူး။ ပညာသင်ဖို့ပဲ အဓိကဖြစ်တယ်။ လူသစ်စုဆောင်းရေးမှာလည်း ပေါ်လစီရှိရှိနဲ့ မဆွဲခေါ်ဘူး၊ မလုပ်ဘူး။ သူတို့ဟာ သူတို့လာကြပါတယ်။ ဒါပေမယ့် ကျတော်တို့ အရမ်းလက်မခံပါဘူး။ စစ်ဆေးရသေးတယ်။ အသက်ပြည့်ရဲ့လား၊ ခြေလက်အင်္ဂါစုံ ရဲ့လားဆိုတာ စစ်ဆေးပါသေးတယ်။

    မေး။ နောက်ဆုံးတစ်ခုအနေနဲ့ အခုလို တပ်မတော်နေ့မှာ တပ်မတော်သားတွေကို ထွေးထွေးထူထူ ဘာများမှာကြားချင်တာရှိပါသလဲ။

    ဗိုလ်ချုပ်။ အဓိက ကတော့ အမျိုးသားရေး ဥစ္စာစည်းစိမ်တွေကို ကာကွယ်ပေးဖို့၊ တိုင်းပြည်ကို ကာကွယ်ရေး အဓိက တာဝန်က အဲဒါပဲ။ ဘယ်လို ဘ၀အခြေအနေပဲ ရောက်ရောက် ကျတော်တို့ အလုပ်ပဲ၊ တချိန်က ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်အစိုးရနဲ့ လွတ်လွတ်လပ်လပ် ကိုယ်နေထိုင်ခဲ့တဲ့ တိုင်းပြည်ကို သူတစ်ပါးက လာရောက် နယ်ချဲ့ကျူးကျော်လို့ ပြန်လှည်တွန်းလှန် တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့ တိုက်တဲ့စစ်ပွဲဟာ တရားတဲ့စစ်ပွဲ ဖြစ်ပါတယ်။

    ဗမာပြည်သည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။ ဖဆပလ အဖွဲ့က ဗမာပြည်အစိုးရ ဖြစ်လာခဲ့သည်။ ဖဆပလ အစိုးရသည် ကရင်နီပြည်ကို ဗမာပြည်နှင့် ပူးပေါင်းရန် နိုင်ငံရေးနည်းအရ စည်းရုံးခဲ့သော်လည်း သီးခြားလွတ်လပ်သော ကရင်နီပြည်ကောင်စီက လက်မခံခဲ့ပါ။ ထို့ကြောင့် ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် ဖဆပလ အစိုးရတပ်က ကရင်နီပြည်ကို စတင်ကျူးကျော် ၀င်ရောက်တိုက်ခိုက်လာခဲ့သည်၊ နယ်ချဲ့ကျူးကျော်စစ်ကို ပြန်လည် ခုခံတိုက်ခိုက် မောင်းထုတ်နိုင်ရန်အတွက် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ ကရင်နီပြည် တပ်မတော်ကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ပါသည်။

0 comments:

Post a Comment