• ကရင်နီ ဓလေ့ရိုးရာ လူငယ်တွေ စိတ်ဝင်တစားလေ့လာ

    အောက်တိုဘာလ ၉ ရက် ၂၀၀၇။

    ဆယ်ကျော် အသက်အရွယ်လေးတွေသာ ရှိကြသေးတဲ့ ကရင်နီလူငယ်မောင်မယ် အယောက် ၂ဝဝ ကျော်တို့ဟာ ဒုက္ခသည် စခန်းအတွင်းမှာရှိတဲ့ ရိုးရာယဉ်ကျေးမှု ဂေဟာကြီးရဲ့အောက်မှာ စုစုဝေးဝေး ရှိနေကြတာကို တွေ့ရပါတယ်။

    သူတို့တတွေဟာ ကြည့်ရတာ ကျမတို့ အထက်တန်းကျောင်း တက်နေစဉ်တုံးကလိုပါဘဲ။ ကျောင်းခေါင်းလောင်းသံ မကြားမချင်း အတန်းရဲ့အပြင်ဘက်မှာ သူငယ်ချင်းတွေ ဟိုတစု ဒီတစုနဲ့ အချင်းချင်း ဝိုင်းဖွဲ့စကားပြောကြတာတွေ၊ တီးတိုး တီးတိုး ပြောနေကြတာတွေ၊ ပြေးလွှားဆော့ကစားနေကြတဲ့အပြင် တချို့ဟာ ပုံရိပ်ရေးဆွဲကြတာတွေ တွေ့ရပါတယ်။

    သူတို့တတွေ အဲဒီဂေဟာကြီးမှာ ကျောင်းပိတ်ရက် စနေနေ့ပတ်တိုင်း လာပြီး ကရင်နီရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လာရောက်လေ့လာသင်ယူ နေကြတယ်လို့ ဆိုပါတယ်။

    သူတို့လေးတွေ ဝတ်စားဆင်ယင်ထားတဲ့ ပုံလေးတွေက ကရင်နီရိုးရာ ယဉ်ကျေးမှုဆန်ဆန်တော့ မဟုတ်ပါဘူး။ ခေတ်နဲ့အညီ လိုက်ဖက် ဝတ်ဆင်ထားကြတဲ့အတွက် ထိုင်းပုံစံလိုလို၊ နိုင်ငံခြားစတိုင်လိုလိုနဲ့ ဝေခွဲရ ခက်လှပါတယ်။ ဒါပေမဲ့ ကရင်နီရိုးရာ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး သူတို့လေးတွေ ထားရှိနေတဲ့ အမျှော်အမြင် စိတ်နေ၊ စိတ်ထားက အင်မတန်မှ လေးစားစရာ ကောင်းလောက်အောင် ချီးကျူးစရာလဲ ကောင်းပါတယ်။

    “ကျနော်တို့ ကရင်နီရိုးရာယဉ်ကျေးမှု နဲ့ပတ်သက်ပြီးတော့ မပပျောက်အောင် ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားမယ်။ ဒီသင်တန်းကို လာတက်ရတာ ကျနော်အတွက် အကျိုးအများကြီးရှိမယ်လို့ ယူဆရတယ်လေ၊ ဘာဖြစ်လဲဆို လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုဆိုတာ မဖြစ်မနေ ရှိရမယ့် အဖြစ်မျိုးတော့ အကျိုးမရှိဘူးလို့ ပြောလို့ မရဘူး” ဟု ထိုဂေဟာကြီးမှာ ရိုးရာယဉ်ကျေးမှုသင်တန်း တက်ရောက်ရတဲ့အကြောင်းကို သင်တန်းသားတဦးဖြစ်သူ ငါးရယ်က ပြောပြပါတယ်။

    ထိုရိုးရာယဉ်ကျေးမှုသင်တန်းကို ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ်ကတည်းက ယခုအချိန်ထိတိုင် ဖွင့်လှစ်နေဆဲဖြစ်တဲ့ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာဘဲ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဦးဆုံး စတင်ဖွင့်လှစ်ပေးချိန်၌ သင်တန်းသူ/သား ၈၅ ယောက်လောက်သာ တက်ခဲ့ပေမဲ့ ယခု ၂ဝဝ၇ ခုနှစ် ၄ ကြိမ်မြောက်သင်တန်းကိုတော့ လူငယ်မောင်မယ်ဦးရေ ၂ဝ၅ ယောက်အထိ တက်လာပါတယ်။

    ထိုသင်တန်း ဖွင့်လှစ်ရခြင်းမှာ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ မြှင့်တင်ထိန်းသိမ်းရေး၊ လူငယ်မောင်မယ်များဟာ မိမိတို့မိဘ၊ ဘိုးဘွားများ၏ ယဉ်ကျေးမှုဓလေ့များကို မမေ့ပျောက်နိုင်ရေးနဲ့ ပြည်တွင်း၊ ပြည်ပ (သို့မဟုတ်) နယ်စပ်ဒေသတစ်နေရာရာမှာ နေထိုင်သော ကရင်နီလူမျိုးများအတွက် မိမိတို့၏ယဉ်ကျေးမှု ဘာသာစကားနှင့် စာပေများကို မပပျောက်နိုင်ရေးအတွက် ထိန်းသိမ်းထားပြီး လူငယ်များကို ပြန်လှည်ဝေငှပေးရခြင်း ဖြစ်တယ်လို့ ကရင်နီရိုးရာယဉ်ကျေးမှုဆိုင်ရာ ဥက္ကဌ ဦးငါးရယ်က ရှင်းပြပါတယ်။

    “ဒီသင်တန်းနဲ့ ပတ်သက်ပြီး အကျိုးရှိ/မရှိ ကျနော်တို့ သူတို့ကို မေးပါတယ်။ နင်တို့ စိတ်ဝင်စားမှု ရှိလား၊ အနာဂတ်အတွက် တန်ဖိုး ရှိလား၊ အကျိုး ရှိလားလို့ မေးတော့ သူတို့က အကျိုးရှိတာ ပိုများတယ်လို့ ပြောပါတယ်။ ရှေ့ဆက်ကြရင် ငါတို့ အသက်ကြီးပြီ မလုပ်ကိုင်နိုင်တော့ဘူး အဲဒါ နင်တို့ ပြန်လုပ်ကိုင်နိုင်သလားလို့ သူတို့ကိုမေးတော့ ဟုတ်ကဲ့ ကျနော်တို့ကို သင်ကြားပို့ချပေးတော့ ကျနော်တို့ရဲ့ ရိုးရာဓလေ့နဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ လုပ်ကိုင်နိုင်တယ်လို့ သူတို့ ပြောပါတယ်” လို့ ဥက္ကဌ ဦးငါးရယ်က ပြောပါတယ်။

    ယခုဖွင့်လှစ်ပေးနေတဲ့ သင်တန်းဟာ ကရင်နီဘိုးဘွားတို့ရဲ့ ကျင့်သုံးခဲ့တဲ့ ကြက်ရိုးထိုးအစဉ်အလာများ၊ လိပ်ပြာခေါ်တဲ့ အယူအဆများ၊ တံခွန်တိုင်ပွဲတော်၊ ဒီးကူပွဲအစဉ်အလာ စတဲ့ ရိုးရာနဲ့သက်ဆိုင်တဲ့ အစဉ်အလာတွေကို အသေးစိတ် သင်ပေးလျှက် ရှိတယ်လို့ ဆိုပါတယ်။

    ရိုးရာယဉ်ကျေးမှု အတတ်ပညာကို သင်ယူနေတဲ့ လူငယ်မောင်မယ်တွေအနေနဲ့ မည်သည့်နေရာ မည်သည့်ဒေသ ရောက်ရောက် ကရင်နီရိုးရာ ယဉ်ကျေးမှုအစဉ်အလာများကို မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့အပြင် ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

    ထိုကရင်နီရိုးရာ ယဉ်ကျေးမှုသင်တန်းကို သင်တန်းနည်းပြဆရာ ၄ ဦး၊ သင်ရိုးညွန်းတမ်းရေးသော ဆရာ ၁ဝ ဦးဖြင့် ပို့ချပေးနေပါတယ်။

    ယခုသင်တန်း တက်ရောက်တဲ့ သင်တန်းသူ/သားတွေဟာ လာမည့်လမှာ ပြုလုပ်ကျင်းပမယ့် ကရင်နီရိုးရာ ဒီးကူပွဲအတွင်း ကျင်းပမယ့် ပြိုင်ပွဲများတွင် ပါဝင်ဆင်နွဲကြမှာ ဖြစ်တယ်။

    နွေရာသီကျောင်းပိတ်ရက်များ၌လည်း ကရင်နီရိုးရာဓလေ့ ကျင့်သုံးနေဆဲရှိတဲ့ ဒေသများကို သင်တန်းတွင် တတ်မြောက်ပြီးသော လူငယ်မောင်မယ်များကို ရွေးချယ်ကာ သွားရောက်၍ ထပ်ဆင့် သင်ကြားပို့ချပေးသွားဖို့ အစီအစဉ်တွေလဲ ရှိတယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment