• ရှားပါးလာသည့် နိုင်ငံခြား ဧည့်သည်

    ကမ္ဘာ့စီးပွားဆုတ်ယုတ်ကျဆင်းမှုဟာ မြို့ကြီးပြကြီးတွေသာ မကပါဘူး။ နယ်စပ်ဒေသ နယ်စွန်နယ်ဖြားအထိပါ ကူးစက်ရိုက်ခတ်နေပါတယ်။ ထိုင်းနယ်စပ်က လည်ပင်းရှည် ကရင်တွေ လို့ လူသိများတဲ့ ကယန်း ပဒေါင် ရွာမှာကော ဘယ်လို သက်ရောက်မှုတွေ ရှိနေသလဲဆိုတာ မယ်ဟောင်ဆောင်နယ်စပ်က ဒေလီထက်က သတင်းလွှာပေးပို့ထားပါတယ်။

    --- --- --- --
    ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အနောက် မြောက်ပိုင်း နမ့်ပန်ချောင်းဘေးက ဟွေပူးကဲ ကျေးရွာလေးမှာ လည်ကွင်းကြေးကွင်းစွပ်ထားတဲ့ ကယန်းလူမျိုးတွေ နေပါတယ်။

    ထိုင်းနိုင်ငံကိုလာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို မီခိုနေထိုင်ကြတဲ့ အဲဒီ ကယန်း ရွာတွေမှာ အခုအခါ နိုင်ငံခြားသားတွေ မလာတော့လို့ စီးပွားရေး လုပ်ငန်းရှင်တွေ အရင်က ပေးတဲ့ ထောက်ပံ့ကြေးတွေ မရတော့ပဲ စားဝတ်နေရေး အခက်တွေ့နေကြရပါတယ်။

    မူပန်းကတော့ အဲဒီ ဟွေပူကဲရွာလေးမှာနေတဲ့ လည်ပင်းရှည် ကယန်းအမျိုးသမီးတယောက် ဖြစ်ပါတယ်။

    “သူမပေးတော့ဘူးဆိုရင် ဆန်ကို ဘယ်လိုဝယ်စားမလဲဆိုတာ မသိတော့ဘူးလေးနော်။ နောက်ဒီထဲမှာဆို ဆိုင်တလုံးရှိတယ် အဲဒီဆိုင်တလုံးက သူဆန်တွေပဲသူရောင်းတယ်။ နောက်လူတွေက အကြွေးအကြွေးပဲ လာယူတယ်။ အဲမှာ အခက်အခဲတအားများတယ်။ အကယ်၍ ဧည့်သည် နည်းနည်းပါးပါးဝယ်ကူလဲ အဲမှာဟင်းဖိုးလောက်ပဲ။ ဆန်ဖိုးတော့မရဘူး” လို့ပြောသွားပါတယ်။

    မူပန်းတို့ နေတဲ့ ဟွေပူကဲရွာတင်မကပါဘူး တခြား ကယန်းရွာတွေ ဖြစ်တဲ့ ကယန်းသာယာရွာနဲ့ ဟွေစူထောက် ရွာတွေမှာလဲ အလားတူ အခက်အခဲတွေ တွေ့ကြုံနေရလို့ ဒုကသည် ကော်မတီမှာ ရိက္ခာတောင်းခံထားကြရတယ်လို့ ကရင်နီဒုက္ခသည် ကော်မတီက ပြောပါတယ်။

    ဒုက္ခသည် ကော်မတီကလည်း သူတို့အနေနဲ့ တိုက်ရိုက်ထောက်ပံ့ခွင့်မရှိတာကြောင့် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ တီဘီဘီစီ ဆိုတဲ့ အဖွဲ့ကို တဆင့် တောင်းခံထားရတယ်လို့ ကော်မတီဒုဥကဌ ခွန်းလင်းမောင်က ပြောပါတယ်။

    “ထိုင်း ရွာသူကြီးတွေအနေနဲ့ တရားဝင်လှမ်းအကူအညီတောင်း တင်ပြတဲ့အတွက် တီဘီဘီစီကတော့ သူတို့ စဉ်းစားစရာဖြစ်လာတယ်။ ကူညီရင် သင့်တော်မလား မသင့်တော်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ အတိအကျတော့မသိဘူး။ အဲဒါ ရချင်လဲရမယ်။ မရချင်လဲမရဘူပေါ့လေး အတိအကျတော့ မပြောနိုင်ဘူး”

    အရင်က လည်ပင်းရှည် ကယန်းတွေဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းက ထောက်ပံ့ကြေးတွေရခဲ့တာကြောင့် ဒုက္ခသည်စခန်းတွေမှာ မနေကြတဲ့အတွက် ဒုက္ခသည် ထောက်ပံ့မှုတွေ မရကြပါဘူး။

    ကယန်းသာယာ ကျေးရွာသူကြီး ခွန်လာဒူကတော့ “ကျနော်တို့အနေနဲ့ ဆိုရင် ကျနော်တို့ ဘယ်လိုမျိုးဖြေရှင်းရမလဲ ဆိုရင်တော့ မဖြေရှင်းတတ်တော့ဘူးလေး။ တခြားအလှူငွေ၊ တခြားဟိုနေရာ ဒီနေရာထပ်ကောက်လို့ရှိရင်လဲ ငါတို့လဲမတင်တောင်းတတ်ဘူး” လို့ပြောသွားပါတယ်။

    ဒီလိုသာ ဆက်ပြီး အခက်ကြုံနေရမယ်ဆိုရင်တော့ နယ်စပ်မှာ တည်ထားတဲ့ ရွာတွေကနေ ဒုကသည်စခန်းတွေကို ပြန်ရွှေ့သွားကြမှာလို့ ဆိုတဲ့ အတွက် နောင်ဆိုရင် ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်မှာ နိုင်ငံခြား ခရီးသွားတဲ့ ကယန်းရွာတွေ ရှိချင်မှ ရှိတော့မယ့် အခြေအနေနဲ့ ကြုံနေရပါတယ်ရှင်။

0 comments:

Post a Comment