• အကြောင်းမျိုးမျိုးကြောင့် ကြေးကွင်းဖြုတ်သူများ

    ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာဆိုရင် ကြေးကွင်းပတ် ကယန်းရွာသုံးရွာရှိပါတယ်။ နိုင်ငံခြား ခရီးသွားတွေက လည်ပင်းရှည်ကရင်တွေလို့ သိကြပြီး လာရောက်လည်ပါတ်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီရွာတွေမှာ ဒီနှစ်ထဲမှာ ကြေးကွင်းဖြုတ်လိုက်တဲ့ ကယန်းအမျိုးသမီး ၅၀ ထက်မနည်း ရှိနေပါပြီ။ ဘာကြောင့် ကယန်းအမျိုးသမီးတွေ ကြေးကွင်းတွေ ဖြုတ်ပစ်ကြတယ်ဆိုတာ ဒေလီထက်က စုံစမ်းမေးမြန်းထားပါတယ်။


    --- --- ---- ---
    ကယန်းကြေးကွင်းပတ်တွေ နေထိုင်တဲ့ ကယန်းသာယာ ရွာလေးကပါ။ အရင်က နိုင်ငံခြားသားတွေ ရိုးရာတေးသံတွေနဲ့ ဆူညံနေတတ်ပေမယ့် အခုချိန်မှာတော့ တိတ်ဆိတ်မှုနဲ့ ကျေးငှက်တွေရဲ့ အသံကသာ နေရာယူလို့ ထားပါတယ်။

    ကြေးကွင်းပတ် ကယန်း အမျိုးသမီးတွေကိုတော့ တယောက်စ နှစ်ယောက်စသာ တွေ့မြင်ရပါတော့တယ်။

    ကယန်းလူမျိုးများအနေနဲ့ ကြေးကွင်းပတ်ရတာဟာ အေဒီတထောင်ပတ်ဝန်းကျင်တုန်းက စခဲ့တာလို့ ကယန်းသမိုင်းကြောင်းနဲ့ပတ်သက်ပြီး စာအုပ်ထုတ်ဝေခဲ့တဲ့ ခွန်အေဒင်-ဖန်က ပြောပါတယ်။

    “ကျနော်တို့ ကယန်းဂွင်မှာ ကိုယ့်ရဲ့သမီးရှင်က ရှမ်းတို့၊ ဗမာတို့ လာလာ ယူသွားတော့ ကယန်းမျိုးဆက် ပွားဖို့အတွက် မရှိမှာစိုးလို့ ရုပ်သွင်ကို ခလိုက်တယ်။ ရုပ်သွင်ကိုခတဲ့အခါမှာ မယ်တော် နဂါးမရဲ့ ရုပ်လွာအတိုင်း ပုံခတယ်ဆိုတဲ့ ဟာနဲ့ကို ကြေးပတ်ရခြင်းဖြစ်တယ်”

    နယ်မြေဒေသအလိုက် ကယန်းမျိုးနွယ်မှာ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလ၀ီ၊ ကယန်းကေခို မျိုးနွယ်စု လေးစုရှိသည့်အနက် ကယန်းလ၀ီး သာ လည်ပင်းမှာ ကြေးကွင်းတွေကို စွပ်ထားပါတယ်။

    အရင်က တက်သစ်စ အမျိုးသမီးငယ်တွေအတွက် ကျောင်းပညာကို ဆက်လက်သင်ကြားလိုစိတ် ရှိတဲ့အတွက် ကြေးကွင်း တွေကို ဖြုတ်နေကြပေမယ့် အချိန်မှာတော့ လူကြီးပိုင်းတွေလဲ ကြေးကွင်းတွေ ဖြုတ်နေကြပါပြီ။

    အများအားဖြင့် ကြေးကွင်းတွေကို ဖြုတ်ကြပြီး ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းကို ၀င်ရောက်နေထိုင် ကြပါတယ်။ ဒုက္ခသည်တွေကို တတိယနိုင်ငံကို ပြောင်းရွေ့ အခြေချပေးနေတဲ့ အစီအစဉ်က ကယန်းတွေကို အဓိက ကြေးကွင်းဖြုတ်စေတာဖြစ်တယ်လို့ ကြေးကွင်းဖြုတ်ထားတဲ့ ဒေါ်မူပလီက ပြောပါတယ်။

    “စခန်းထဲမှာလာနေလို့ လူများကြားမှာ တယောက်ထဲပဲနေတာ မပျော်ဘူး ဖြုတ်ထားတယ်။ တတိယနိုင်ငံ သွားဖို့လည်း နည်းနည်းပါတယ်”

    အခုအခါမှာ လူတွေကို တိရစ္ဆာန်တွေပြစားသလို ပြစားတာကို ရွံ့မုန်းလာတာရယ်၊ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်နေထိုင်ပေမယ့်လည်း ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်းမခံရတာတွေဟာ ကယန်းတွေကို ကြေးကွင်းဖြုတ်စေတာဖြစ်တယ်လို့ ခွန်အေဒင်-ဖန်က ပြောပါတယ်။

    “ပြီးခဲ့တဲ့ အချက်၂ ချက်ကြောင့် သိမ်ငယ်တာနဲ့ တတိယနိုင်ငံကို တခါထဲစိတ်ကူးလို့ ကြေးကွင်းကို ဖြုတ်ပြီး ဒီဒုက္ခသည် စခန်းကို သွားခံယူပြီးမှ တတိယနိုင်ငံကိုသွားတယ်။ ဒါကြောင့်မို့လို့ ဒီကြေးပတ်ခြင်းဆိုတဲ့ ဒီသုံးချက်အရ ပျောက်သွားတယ်”

    ကြာလာမယ်ဆိုရင် အမေဖေလောက်ပဲကျန်မယ်။ အမေဖေသာ သေသွားပြီဆိုရင် ကြေးပတ်တဲ့ အမျိုးသမီးတွေက ပျောက်နိုင်ဖို့အလားအလာ ရှိတယ်လို့ ကယန်းသာယာရွာသူကြီး ခွန်လဒူက ပြောသွားပါတယ်ရှင်။

0 comments:

Post a Comment