• နှစ်ထပ်ကွမ်း ဖိနှိပ်မှု
    သြဂုတ်လ ၂၈ ရက်နေ့ကို နိုင်ငံတကာ နိုင်ငံရပ်ခြား ရွေ့ပြောင်း အိမ်ဖော်များနှင့် သွေးစည်း ညီညွတ်ရေးနေ့လို့ သတ်မှတ်ကြပါတယ်။ ထိုင်းနိုင်ငံအနှံ့မှာတော့ တိုင်းရင်းသားတွေ အပါအ၀င် မြန်မာပြည်သား ၂ သန်းခန့်ရှိပြီး အများအပြားဟာ အိမ်ဖော်အဖြစ်အလုပ်လုပ်ကြပါတယ်။ တိုင်းရင်းသူ အိမ်ဖော်အလုပ်သမအချို့ဟာ ပြည်တွင်းမှာ အခက်အခဲ အမျိုးမျိုးခံခဲ့ရသလို အခုအချိန်မှာလဲ အလုပ်ရှင်တွေရဲ့ တဖက်လှည့်နဲ့ ခေါင်းပုံဖြတ်ခြင်းကို ခံနေရတဲ့ အတွက် နှစ်ထပ်ကွမ်း ဖိနှိပ်မှုကိုခံနေရတဲ့ အကြောင်း ကျမတို့ တိုင်းရင်းသတင်းလွာက သတင်းထောက် ဒေလီထက်က အိမ်ဖော်တွေကို မေးမြန်းထားပါတယ်။
    --- ---- --- ---
    မိသားစု စားဝတ်နေရေး အခက်အခဲတွေရှိလို့ ထိုင်းနိုင်ငံကို အိမ်ဖော်အဖြစ် လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ကရင်တိုင်းရင်းသူ ၀တ်ရည်ဝင့်ဟာ ထိုင်းတယောက်ရဲ့အိမ်မှာ အိမ်ဖော်အဖြစ် တနေ့ ၁၅ နာရီလောက် အလုပ်လုပ် ပေးရပါတယ်။ နားရက်တွေဆိုလဲ မရှိပါဘူး။
    “ကိုယ်ကမိုးလင်းအိပ်ယာထတာနဲ့ ကိုယ်လုပ်တယ်နော်။ ၉ နာရီ ၁၀ နာရီ ကလေးနားတဲ့အချိန်ထိ ကိုယ်လဲလုပ်ပေးတယ်။ တခါတလေကြရင်လဲသူ ဘယ်လိုပြောမလဲ ကိုယ်လုပ်သလောက် သူစိတ်တိုင်းမကျ အဲလိုဖြစ်တယ်ပေါ့နော်”
    အလုပ်မ၀င်ခင်တုန်းကတော့ တလ ၆ ထောင်ပေးမယ်ဆိုပြီး သူတို့နဲ့သွားနေတော့ ၅၅၀၀ ပဲပေးတော့တယ်လို့ ပြောပါတယ်။
    “ကိုယ်ကလဲ ဘယ်လိုပြောမလဲ သူရေခ၊ မီးခဖြတ်တယ်လို့ အဲလိုပဲသဘောထားလိုက်တယ်လေး။ သူတို့နဲ့ သွားနေတယ် ဆိုတော့”
    ဒေါ်ပါပါလေးကတော့ မြန်မာပြည်တွင်းမှာ ကျန်ခဲ့တဲ့ သား၊ သမီး တွေကျောင်းနေတော့ ကျူရှင်ခလေး ကျောင်းစရိတ် တွေပြန်ပို့ဖို့ စားစရိတ်တွေပြန်ပို့ပေးဖို့ အိမ်ဖော်အလုပ်တွေ၊ ကြုံရာကျပမ်း အလုပ်တွေလုပ်နေရတဲ့ သူတယောက်ပါ။
    မြန်မာစစ်အစိုးရတပ်တွေက ကိုင်းတွေ၊ လယ်တွေ၊ ခြံတွေကို စစ်တပ်စခန်း ဆောက်ဖို့ သိမ်းလိုက်လို့ ဒေသခံတိုင်းရင်းသား တွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရတယ်လို့ ကရင်ပြည်နယ် လှိုင်းဘွဲကျေးရွာဇာတိဖြစ်တဲ့ ဒေါ်ပါပါလေးကပြောပါတယ်။
    “လယ်တွေ ခြံကြီးတွေသိမ်းလိုက်ပြီးတော့မှ သူများ လူမနေတဲ့ အင်းထဲမှာ အိမ်မြေကွက်သွားပေးတယ်။ သူများတွေမျက်ရည် တအားကျကြတယ်။ အဓိကကတော့ ခြံလုပ်လဲ လုပ်စားလို့မရတော့ဘူး။ လယ်သမားတွေက အခက်အခဲဖြစ်ကြတော့ လယ်တွေမလုပ်ကြတော့ဘူး။ သားသမီးတွေ သွားထိုင်းနိုင်ငံပို့ သားသမီးတွေပို့တဲ့ ပိုက်ဆံနဲ့ပဲ ထိုင်စားကြတယ်။ ဆန်တွေဘာတွေ ၀ယ်စားနိုင်တော့တယ်”
    ထိုင်းနိုင်ငံမှာ နိုင်ငံခြား အလုပ်သမားတွေအတွက် အခွင့်အရေးတွေ သတ်မှတ်ပေးတာရှိပါတယ်။ ဒါပေမဲ့ အိမ်ဖော်အလုပ်ကို အလုပ်တခုလို့ သတ်မှတ် မထားသေးတဲ့အတွက် အိမ်ဖော်တွေဟာ အလုပ်သမားအခွင့်အရေး မရကြပါဘူး။ အိမ်ဖော်တွေဟာ အိမ်တွေထဲမှာ ပြင်ပနဲ့ အထိအတွေ့မရှိနေကြရတဲ့အတွက် တချို့အလုပ်ရှင်တွေရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေလည်း ခံကြရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အိမ်ဖော်တွေအကြောင်း သုတေသနလုပ်ထားတဲ့ "ငရဲနှစ်ခုကြားပိတ်မိခြင်း" အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    “အဲဒါကြောင့် အလုပ်ထွက်ချင်လဲ အောင့်အီးပြီးနေနေရတယ်။ ကြာကြာတော့ဘယ်နေနိုင်မှာလဲ အဲလိုအလုပ်မျိုးက နားရက်မရှိဘူးဆိုတော့ ဘယ်သူမဆို ပင်ပန်းတယ်”
    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်။ ရင်းနှီးလုပ်ကိုင်နိုင်တဲ့ အခြေအနေရောက်မှ ကိုယ့်ဒေသမှာ ပြန်ပြီးတော့ လုပ်ကိုင်စားသောက်မယ်လို့ ၀တ်ရည်ဝင့်က သူ့အိမ်မက်ကလေးကို ပြောသွားပါတယ်ရှင်။
0 comments:
Post a Comment