• ဆောင်ပုဒ် တစ်ခုရဲ့အားမာန်

    ဧပြီလ ၅ ရက် ၂၀၁၀။

    မတ်လ ၁ဝ ရက်နေ့ဟာ ကရင်နီအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ၁၇ ကြိမ်မြောက် ကရင်နီအမျိုးသမီးများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံမယ်ဟောင်ဆောင် နယ်စပ်ဘက်မှာ ကျင်းပပြုလုပ်ကြပါတယ်။ အခမ်းအနား ကျင်းပမည့် နယ်စပ်တနေရာကို ရောက်ဖို့ မယ်ဟောင်ဆောင်မြို့ကနေ တကိုယ်တော် ဆိုင်ကယ်ကို မောင်းပြီး နွေရာသီရဲ့ အပူချိန်ကို အန်တုကာ... ဖုန်မှုန့်တွေ ထူထပ်နေတဲ့ လမ်းကို တနာရီလောက် ခုတ်မောင်းခဲ့ရတယ်။

    အခမ်းအနား ကျင်းပရာ ဝန်းကျင်ကို ရောက်သွားတော့ စိတ်ထဲမှာ ထိန့်ခနဲ ဖြစ်သွားပါတယ်။ ထူးထူးခြားခြား စာတန်းလေး တခုကို တွေ့လိုက်ရပါတယ်။ ဒါကတော့ တာဝန်လည်းရှိ၊ တောင်းလဲတာင်းဆို၊ ဆောင်လည်း ဆောင်ရွက် ဆိုတဲ့ စာတန်းလေးကို အဝင်ဝ ဝါးတိုင်ရှေ့မှာ ချိတ်ဆွဲထားတာ တွေ့လိုက်ရတဲ့အတွက် ဖြစ်တယ်။

    အမျိုးသမီးအဖွဲ့ တခုရယ် ရှိပြီဆိုလို့ရှိရင် အဲဒီစာတန်းလို ဆောင်ပုဒ်တွေ ရှိရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (ကေအဲန်ဒဗလျူအို) ဗဟိုအတွင်းရေးမှူး သိုးမြာက ပြောသွားပါတယ်။

    “ကျမတို့က တောင်းဆိုမှုတွေ လုပ်ပြီးမှ လိုက်နာဖို့လည်း တာဝန်ရှိတယ်။ လုပ်ဆောင်ဖို့လည်း တာဝန်ရှိတယ် ဆိုတဲ့ဟာမျိုးတွေကို ကျမတို့က အခွင့်အရေး နောက်ပိုင်းမှာ တာဝန်ဆိုတာ ရှိတယ် ဆိုတဲ့ဟာမျိုးကို ကျမတို့ ပြောချင်တယ်လေနော်” လို့ ပြောပါတယ်။

    မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ အပိုင်ကလည်း “အထူးသဖြင့် ကိုယ့်ရဲ့အမျိုးသားတွေပေါ့နော်။ တခြားဒီပြင် အမျိုးသားတွေက အလုပ်လုပ်နေတာကို သူတို့က အသိအမှတ် မပြုဘူးလေး။ ဆိုတော့ ကျမတို့က ဒီလိုဘာကြောင့် ဆောင်ပုဒ်တွေ ရေးရလဲဆိုရင် ကိုယ်တိုင်လဲ လုပ်တယ်။ သိအောင်လဲ ပြောပြချင်တယ်ပေါ့နော် သူတို့ကို အဲလိုမျိုးပေါ့”

    အမျိုးသမီးတွေက အမျိုးသားတွေနဲ့ အလုပ်လုပ်တဲ့ အချိန်မှာ အထူးသဖြင့် အမျိုးသမီး အခွင့်အရေးလို့ ပြောလိုက်ရင် အခွင့်အရေးတွေကို သုံးပြီးတော့ အမျိုးသားတွေကို အနိုင်ကျင့်တယ် ဆိုတဲ့ စကားတွေ ထွက်လာတဲ့ အတွက်ကြောင့် ဒီလိုပြောဆိုမှုတွေအပေါ် တုန့်ပြန်မှုတွေ လုပ်ဖို့ စဉ်းစားပြီး ရေးသားရတာ ဖြစ်တယ်လို့ မော်သိုးမြာက ပြောကြားသွားပါတယ်။

    “ကျမတို့ စဉ်းစားလိုက်တယ်။ ဒီလိုမျိုးရေးလိုက်ရင် ဒီဥစ္စာကို ယောက်ျားတွေလည်း မြင်တယ်။ ပြောမယ်ဆို ကျမတို့ လူမှုအသိုင်းအဝိုင်း တွေမြင်တဲ့ အမျိုးသမီး အခွင့်အရေးကို ကျမတို့ ဒီလိုမျိုးနဲ့ တုန့်ပြန်နေတယ် ဆိုတဲ့ဟာမျိုးကို ပြောချင်တာပေါ့နော်”

    ကရင်နီအမျိုးသမီးတွေဟာ အရင်တုန်းက လှုပ်ရှားမှု သက်သက်နဲ့ အခွင့်အရေး ပိုမိုရရှိလာဖို့ လုပ်ဆောင်တာမျိုးပဲ ရှိပြီး အမျိုးသားတွေနဲ့ သိပ်ပြီး ပူးပေါင်းတာမျိုးတွေ မရှိဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အမျိုးသားအဖွဲ့အစည်းတွေ တော်တော်များများနဲ့ အလုပ်လုပ်လာတယ်။ နောက်ပြီး အမျိုးသားနဲ့အတူ အမျိုးသမီးရဲ့ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာ၊ အမျိုးသမီး အခွင့်အရေး တောင်းဆိုမှုတွေ လုပ်လာတဲ့ အချိန်မှာ အမျိုးသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် အလုပ်လုပ်လာတာမျိုး ရှိလာတယ်။

    “နှစ် ၂ဝဝဝ နောက်ပိုင်းပေါ့။ အဲလိုကြည့်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေက အများကြီး အထူးသဖြင့် လုပ်ငန်းပိုင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုတွေ ပိုရှိလာတယ်လို့ ကျမအနေနဲ့ ယူဆမိတယ်။ အထူးသဖြင့် လူငယ်လူရွယ် တွေက သူတို့အနေနဲ့ကြတော့ အမျိုးသမီးအခန်းကဏ္ဍမှာ တာဝန်ယူလာပြီဆိုတဲ့ အချိန်မှာကြတော့ သူတို့အနေနဲ့ ကြတော့ လုပ်ရဲကိုင်ရဲလာတာတွေ ရှိကြတယ်။ အမျိုးသမီးရေး ကဏ္ဍမှာလည်း အများကြီးတော်တော် လှုပ်ရှားမှု ရှိတယ်လို့ မြင်ရတယ်” လို့ ကရင်နီအမျိုးသမီးတဦး ဖြစ်တဲ့ စီစီးလျာက ပြောတယ်။

    အိမ်တွင်းအကြမ်းဖက်မှု ပြဿနာ ဖြေရှင်းမယ်ဆိုရင် အမျိုးသားတွေ ပါဝင်ရမယ်လို့ အမျိုးသမီးတွေက ပြောလာတဲ့အတွက် ယခုအချိန်မှာ ဒုက္ခသည်စခန်းကော်မတီ၊ စခန်းလုံခြုံရေးတို့နဲ့ ပူးတွဲပြီးတော့ အမျိုးသမီးတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတယ်။ စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်လာတာကို မြင်တွေ့လာရပါတယ်။

    “ကျနော့် အနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို ယောက်ျား တယောက်လို ထပ်တူရရှိဖို့အတွက် ဝိုင်းဝန်းပြီး အတူပါဝင်တိုင်ပင် ဆွေးနွေးဖို့ အတွက် စုစည်းရတယ်ဆိုတော့ ကောင်းပါတယ်” လို့ ကရင်နီအမျိုးသားတဦး ဖြစ်တဲ့ ကေဖိုးက ပြောကြားသွားပါတယ်။

    အခုမတ်လမှာ ကရင်နီအမျိုးသမီးများနေ့ မကပါဘူး မတ်လ ၈ ရက်နေ့ဟာလည်း နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အခုလို အမျိုးသမီးများနေ့ ဖြစ်ပေါ်လာရတာဟာ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ်စက်ရုံတရုံက အမျိုးသမီးတွေဟာ လုပ်ဖော်ကိုင်ဘက် အမျိုးသားတွေရတဲ့ လစာရဲ့ ထက်ဝက်နှုန်းပဲ ခံစားခွင့် ရှိသလို၊ လုပ်ငန်းခွင်မှာ ပင်ပန်းဆင်းရဲ လွန်းတာကြောင့် ရောဂါတွေ ရကြတာကို တင်ပြပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေ တောင်းဆို ရရှိခဲ့ကြရာက နိုင်ငံတကာ အမျိုးသမီးများနေ့ အစပြု ဖြစ်ပေါ်ခဲ့ပါတယ်။

    အလုပ်သမား အခွင့်အရေး၊ ဘူဇွာစနစ် ဆန့်ကျင်ရေးနဲ့ လူတန်းစားမျှတရေး လှုပ်ရှားမှုတွေနဲ့ စက်မှုတော်လှန်ရေး ကာလ ၁၉ဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်၊ မဲပေးခွင့်တွေအတွက် အမေရိကန်နိုင်ငံ ဆိုရှယ်လစ် ပါတီက ဒနိုင်ငံတကာ အမျိုးသမီးများနေ့ဒ ဆိုပြီး စတင်လိုက်ပါတယ်။

    ၁၉၁ဝ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ လုပ်ခဲ့တဲ့ ပထမဆုံး နိုင်ငံတကာ အမျိုးသမီးများနေ့ ညီလာခံမှာတော့ ဂျာမနီ၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေကပါ ပါဝင်လာကြပြီး အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး လှုပ်ရှားမှုအနေနဲ့ နှစ်စဉ် နွေဦးကာလ ဖြစ်တဲ့ မတ်လဆန်းမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    ပထမ ကမ္ဘာစစ်မီး တောက်လောက်စပြုနေတဲ့ ၁၉၁၃ ခုနှစ် မတ်လ ၈ ရက်နေ့မှာတော့ ဥရောပနိုင်ငံတွေက အမျိုးသမီးတွေဟာ ငြိမ်းချမ်း ရေးအတွက် စုပေါင်းလမ်းလျှောက်ပွဲတခု ပြုလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီနေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုပြီး သတ်သတ် မှတ်မှတ်နဲ့ ၁၉၂ဝ ပြည့်နှစ်များအထိ ကျင်းပခဲ့ကြပါတယ်။

    ဒုတိယ ကမ္ဘာစစ်ကာလ အတွင်းမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ မှေးမှိန်နေခဲ့ပြီး အမျိုးသမီးများကဏ္ဍ မြင့်မားလာတဲ့ ၁၉၆ဝ နောက်ပိုင်းမှာတော့ ပြန်လည်အသက်ဝင်လာတာ ဒီနေ့ထိ တိုင်ပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကတော့ ၁၉၇၅ ခုနှစ်မှာမှ နိုင်ငံတကာ အမျိုး သမီးများနေ့ကို စတင်ကျင်းပခဲ့ပါတယ်။

    ကရင်နီအမျိုးသမီးအစည်းအရုံးကို ပထမဦးဆုံးအကြိမ် ၁၉၈၁ ခုနှစ်ကစတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည် ထူထောင်ကာ မတ်လ ၁ဝ ရက်နေ့ရောက်တိုင်း နှစ်စဉ် နေ့တိုင်း အခမ်းအနား ကျင်းပပြုလုပ်လေ့ရှိပါတယ်။

    ကရင်နီအမျိုးသမီးများနေ့တွင် ကေအဲန်ဒဗလျူအို ဗဟိုအတွင်းရေးမှူး သိုးမြာက “ကျမတို့ အမျိုးသမီးအတွက် အလုပ်လုပ်နေတာက ကျမတို့ အမျိုးသားရဲ့ အခွင့်အရေးကို သွားပြီး ဆန့်ကျင်တာ မဟုတ်ဘူး။ သွားပြီးမှ ဟန့်တားနေတာ မဟုတ်ဘူး။ ကျမတို့က ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ဆက်ပြီးတော့မှ ရရှိနိုင်ဖို့အတွက်ရယ်၊ ဆက်ပြီးချိုးဖောက်မှု မဖြစ်ဖို့အတွက် ဒီနေ့မှာ ကျမတို့ရဲ့ ဆောင်ပုဒ်က တောင်းဆိုမှုတွေ လုပ်တယ်၊ လုပ်ဆောင်မှုတွေ လုပ်တယ်၊ လိုက်နာမှုတွေလည်း ရှိပါတယ်လို့ နောက်ဆုံးအနေနဲ့ ပြောချင်တယ်” လို့ ပြောသွားပါတယ်။

0 comments:

Post a Comment