• အခွင့်အရေး နည်းနည်းလောက်တော့ ပေးပါ

    သြဂုတ်လ ၄ ရက် ၂၀၀၈ ခုနှစ်

    ကယန်းလူမျိုး (ပဒေါင်လည်ပင်းရှည်) တွေရဲ့ အကြောင်းကို ဆောင်းပါးရေးရင် ကောင်းမလားလို့ စဉ်းစားနေရင်း "ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး" ဆိုတဲ့ စကားပုံတစ်ခုကို ပြန်အမှတ်ရတော့ စိတ်ကူးလေးကို အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာရှိတဲ့ ကယန်းတွေ နေထိုင်ရာ ကျေးရွာလေးတွေဆီကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    သူတို့ရဲ့ ရွာလေးတွေက မယ်ဟောင်ဆောင်မြို့နဲ့ အနီးမဝေးမှာပါ။ ကား သို့မဟုတ် မော်တော်ဆိုင်ကယ်နဲ့ သွားရင် နာရီဝက်ကျော်ကျော်လေးသာ ရှိပါတယ်။ ကျမနဲ့ ကျမရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကတော့ ဆိုင်ကယ်နဲ့ သွားဖို့ သဘောတူလိုက်ကြပါတယ်။ ကျမက ငယ်ငယ်လေးကတည်းက ကားသို့မဟုတ် ဆိုင်ကယ်လေးတွေစီးရင်း တောတောင် သဘာဝရှုခင်းအလှအပတွေကို ငေးမော ကြည့်တာကို ၀ါသနာပါတဲ့အတွက် ကျမသူငယ်ချင်းရဲ့ အနောက်မှာ လိုက်စီးဖို့ ရွေးချယ်ခဲ့ပါတယ်။

    မယ်ဟောင်ဆောင်မြို့ အပြင်ဘက်ကစပြီး အသွားလမ်းတစ်လျှောက် သဘာဝကျေးလက်အငွေ့ အသက်တွေကို ကြည့်ရှုရင်း ဘယ်အချိန်ရောက်မလဲဆိုတဲ့ အတွေးတွေနဲ့ ကျမတို့ဆိုင်ကယ်လေးက ကယန်းသာယာရွာဆိုတဲ့ ကယန်းတို့နေတဲ့ ရွာလေးဆီကို ဦးတည်သွားပါတော့တယ်။

    ရွာကိုရောက်တော့ တဲအိမ်၊ ၀ါးအိမ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ကျေးလက်ရနှံ့နဲ့အတူ ကယန်းတို့ရဲ့ ရိုးရာဂီတ သံလေးတွေက ကျမတို့ကို ဦးစွာ ဆီးလို့ကြိုလိုက်ပါတယ်။

    ကယန်းသာယာရွာဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် ရွာကလေးက မကြီးမငယ်၊ ကယန်းအမျိုး သမီးလေးတွေရဲ့ ၀တ်စားဆင်ရင်ထားပုံလေးတွေနဲ့ ရောနှောပြီးကြည့်လိုက်တော့ တမျိုးလေး ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ရွာလေးကို တောင်တန်းလေးတွေက ၀ိုင်းရံထားပြီး ရှိုမြောင် အောက်မှာရှိနေတော့ ကျမတစ်ယောက်ထဲအတွက် ရွာသူ/သားတွေလို ကာလကြာရှည် နေမိမယ်ဆိုရင် စိတ်အတော်လေး ကျဉ်းကြပ်မိမှာဘဲလို့ ထင်မိတယ်။

    ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာ နေပြီးသူတို့ အပြင်ထွက်ခွင့်မရှိဘူး။ အထူးသဖြင့် ယဉ်ကျေးမှု အဆောင်အယောင်များနဲ့ ကျေးကွင်းတွေကို တပ်ထားကြတဲ့ အမျိုးသမီးတွေအတွက်ပေါ့။

    ရိုးရာယဉ်ကျေးမှုကို မပပျောက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ သူတို့တတွေရဲ့ ခန္ဒာကိုယ်ပေါ်မှာ ၅ ကီလိုဂရမ်လောက်ရှိတဲ့ အလေးချိန်ကို အမြဲတမ်း သယ်ဆောင်နေရပါတယ်။ နိုင်ငံခြား ဧည့်သည်တွေ လာရောက် လည်ပတ်တာကို တဲအိမ်ငယ်လေးအောက်ကနေ တေးသီချင်းလေးတွေနဲ့ ကြိုဆိုဖျော်ဖြေပေးရတာက သူတို့ရဲ့နေ့စဉ်အလုပ်ပဲ ဖြစ်ပါတယ်။

    မယ်ဟောင်ဆောင်မြို့ရဲ့ မနီးမဝေးမှာ ကယန်းသာယာရွာလိုပဲ ကယန်းတွေနေထိုင်တဲ့ ရွာသုံးရွာရှိပါတယ်။

    ကယန်းတွေဟာ အခြားသော မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေလိုပါဘဲ။ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတို့ကြောင့် ထိုင်းနိုင်ငံဘက်ကို ရောက်ရှိလာကြတာ နှစ်ပေါင်း(၂၀) ၀န်းကျင်လောက်တောင် ရှိသွားကြပါပြီ။ တခြား ဒုက္ခသည်တွေနဲ့ ကွာတာတခုက သူတို့မှာ ထူးခြားတဲ့ ယဉ်ကျေးမှု အဆောင်အယောင်တွေကြောင့် ဒေသခံအာဏာပိုင်အချို့နဲ့ စီးပွားရှင်တို့က ဒုက္ခသည်စခန်းများကနေ ခေါ်ထုတ်ပြီး နိုင်ငံခြားသားများကို ပြသဖို့အတွက် ထိုင်းကျေးလက်ရွာ နဘေးတွေမှာ နေထိုင်ခိုင်းပါတယ်။

    ထိုင်းနိုင်ငံမှာ အချိန်ကြာလာတဲ့အညီ ကယန်းတို့ရဲ့ လူဦးရေဟာလည်း တနေ့တခြား တိုးလာတဲ့အတွက် အခုဆိုရင် ကယန်းမိသားစုဦးရေပေါင်း (၆၀၀)ကျော် ၀န်းကျင်လောက်ရှိနေပါပြီ။ သူတို့ရဲ့ နေထိုင်စားသောက်မှု အခြေအနေက ဟိုး အရင်(၁၀) နှစ်လောက်က ကျမမြင်တွေ့ခဲ့ဖူးတဲ့ အခြေအနေမျိုးပါဘဲ၊ ဘာမှတိုးတက်ပြောင်းလဲ လာတာကို မတွေ့ရပါဘူး။ မယ်ဟောင်ဆောင်ဒေသ တစ်ခုလုံးကို ခြုံငုံပြီးကြည့်လိုက်တော့ လူဦးရေက တိုးလာပေမယ့် ရွာမှာ အလည်လာတဲ့ နိုင်ငံခြားသားများကလွဲလို့ ရွာသူ/သားတွေ အရင်တုန်းကထက် နည်းလာသလို သတိထားမိတယ်။

    ဘာဖြစ်လို့ လူတွေနည်းလာသလဲလို့ အဲဒီရွာမှာနေထိုင်တဲ့ ကယန်းအမျိုးသားတစ်ယောက်ကို မေးကြည့်တော့ သူက "တစ်ချို့လူတွေက ရွာသစ် (ထိုင်းများပြောင်းရွေ့ နေထိုင်ခိုင်းသည့်နေရာ) မှာ သွားနေတယ်။ တစ်ချို့လူတွေကတော့ စခန်းထဲ (ကရင်နီဒုက္ခသည်အမှတ် ၁ စခန်း) ကို ပြန်ပြီးတော့ ၀င်နေတယ်" လို့ ကျမကို ပြောပြပါတယ်။

    ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလ ၁၂ ရက် အချိန်တုန်းကပေါ့၊ ဒီထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် မြို့နယ်ကိုယ်စားလှယ်တွေက ကယန်းကျေးရွာ ၃ ရွာကို တစ်ရွာထဲ စုစည်းထားနိုင်ဖို့ အစည်းဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါသေးတယ်။

    နောက်ဆုံးမှာတော့ ကယန်းမိသားစုတွေရဲ့ သဘောဆန္ဒအတိုင်းပဲလို့ ပြောတဲ့အတွက်ကြောင့် ပြောင်းရွေ့လိုသူနဲ့၊ မပြောင်းရွေ့လိုသူဆိုပြီးတော့ ဖြစ်သွားပါတယ်။ တစ်ချို့လူတွေကတော့ နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ခရီးသွားဧည့်သည်တွေအတွက် အဆင်ပြေနေတဲ့အတွက် မပြောင်းရွေ့လိုကြဘူး။ ပြောင်းရွေ့လိုတဲ့သူတွေကတော့ ထိုင်းဒေသအာဏာပိုင်တွေပြောတဲ့ ရရှိလာမယ့် အခွင့်အရေးကို မျှော်ကိုးပြီး သွားချင်ကြတာပေါ့။

    အခုအချိန်မှာတော့ ဒေသအာဏာပိုင်တွေပြောထားတဲ့ အခွင့်အရေးတွေမရရှိလို့ ကယန်းသာယာရွာကို ပြန်လည်ပြီးတော့ ပြောင်းရွေ့လာတာတွေလဲ ရှိနေပါတယ်။
    "သူတို့ပြောတယ် ကျမတို့အဲဒီမှာရောက်ရင် ကားလမ်းတွေ ဖောက်ပေးမယ်။ ထိုင်းမှတ်ပုံတင်တွေ မြန်မြန်ရမယ်၊ ပေးမယ်လို့ပြောတယ် ပြီးတော့ရိက္ခာတွေလည်း ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီမှာကျမတို့ကို သွားပို့ထားပြီးတော့ တစ်ခါးမှ လာမကြည့်တော့ဘူး။ အဲဒါနဲ့ဒီဘက်ကို ပြန်ပြောင်းလာတယ် နှစ်လလောက်ရှိပြီ" လို့ ကယန်း ကျေးရွာသစ်ကို ၈ လလောက် သွားနေထိုင်ခဲ့တဲ့ ကယန်းအမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။

    သူတို့ရဲ့ စားဝတ်နေရေးအတွက် ခရီးသွားဧည့်သည်တွေဆီက ကောက်ခံရရှိတဲ့ ငွေကြေးအထောက်အပံ့တွေတော့ ရှိပါတယ်။ တစ်လကို ကယန်းကျေးပတ်တဲ့ သူတစ်ဦးကို ၁၅၀၀ ဘတ်ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တစ်ချို့ရွာတွေဆို သူတို့ကို ထိန်းချုပ်ထားတဲ့ ဒေသခံအာဏာရှိသူ တစ်ဦးစ နှစ်ဦးစတို့က မပေးဘဲနေလျက်ရှိတယ်လို့ ဆိုပါတယ်။

    ကယန်းတွေအတွက် အခြားသော ၀င်ငွေအပိုရယ်လို့ သူတို့ရဲ့နေအိမ်ရှေ့လေးမှာ ဈေးဆိုင်လေးတွေတည်ပြီးတော့ သူတို့ကိုယ်တိုင် ယက်လုပ်တဲ့ ပ၀ါ၊ လွယ်အိပ်၊ ကယန်းကျေးကွင်းပတ် အရုပ်လေးတွေ စတာတွေနဲ့ ခရီးသွားဧည့်သည်တွေကို ရောင်းချ၊ ပြသနေကြရပါတယ်။ ဒီလိုရရှိလာတဲ့ ၀င်ငွေလေးတွေနဲ့ တစ်နေ့စာအတွက် ရှာကြံနေရပြီး ရွာထဲက သူတို့ရဲ့ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ/မလခအတွက်လည်း ဖြည့်ဆည်းပေးနေရတဲ့အတွက် စားဝတ်နေရေးက အဆင်ပြေဟန်မရှိလှပါဘူး။

    ကယန်းအမျိုးသမီးတွေ အနေနဲ့ ရွာရဲ့အပြင်ဘက်ကို လွတ်လွတ်လပ်လပ် သွားလာနေထိုင်ခွင့် မရှိသလို သူတို့တတွေရဲ့အမျိုးသားများဟာလည်း ထိုနည်းတူ အပြင်ထွက်ခွင့် မရှိကြပါဘူး။ ပြင်ပကိုသွားရောက် အလုပ်လုပ်ကိုင်ခွင့်ကိုလဲ ပိတ်ပင်ထားခံထားရတဲ့အတွက် တစ်ချို့လူတွေကတော့ မိမိလက်ရှိနေထိုင်နေတဲ့ ကျေးရွာမှာလဲမနေချင်၊ ဒုက္ခသည်စခန်းကိုလည်းမ၀င်ချင်၊ တတိယနိုင်ငံကိုလည်း လျှောက်ပိုင်ခွင့် ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ထားလေတော့ ဧည့်သည်အ၀င်ကောင်း လခကောင်းကောင်းရရှိနိုင်တဲ့ ပြင်ပတစ်နေရာဖြစ်တဲ့ ချင်းမိုင်ဘက်ကို ပြောင်းရွေ့ နေထိုင်ချင်ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လှိုင်လကတောင် ကယန်းမိသားစုအချို့ မယ်ဟောင်ဆောင်ဒေသကနေ ခိုးပြီး ချင်းမိုင်ဘက်ကို ထွက်ပြေးသွားကြပါတယ်။

    နှစ်ရှည်လများ သူတို့တွေဟာ ထိုင်းကျေးရွာအနီးမှာ နေထိုင်နေပေမယ့် ထိုင်းမှတ်ပုံတင် ကဒ်ပြားမရရှိပဲ ထိုင်းတောင်ပေါ်သားကဒ်သာ ရရှိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ထိုင်းမှတ်ပုံတင် ကဒ်တွေလာရောက်လုပ်ပေးပေမယ့်လည်း ငွေကုန်ကျမှု များလွန်းတဲ့အပြင် မှတ်ပုံတင်အောင်ပြီလို့သိရပေမယ့် လာရောက်ပြီး ကဒ်တွေပေးခြင်းမရှိခဲ့ပါဘူး။

    ထို့အပြင် ဒီကယန်းမိသားစုတွေမှာ ယူအဲန်လက်မှတ်တွေရှိနေပေမယ့် ယူအဲန်ရဲ့ ထောက်ပံ့ ကူညီနေတဲ့ အကူအညီပစ္စည်းကို မရရှိတဲ့အပြင် တတိယနိုင်ငံ လျှောက်ထားခွင့်ကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယူအဲန်လက်မှတ်ဟာ ယခုလောလောဆယ်မှာတော့ အသုံးဝင်မှုမရှိပေမယ့် လာမယ့်အနာဂတ်မှာ နိုင်ငံခြားဧည့်သည်တွေ မလာနိုင်တော့တဲ့အချိန်မှာ ဒုက္ခသည်စခန်းမှာ လွယ်လွယ်ကူကူ ပြန်လည် ၀င်ရောက်နိုင်အောင်ဖြစ်တယ်လို့ ပြောသူတွေလည်း ရှိနေပါတယ်။

    ယခုလို တတိယနိုင်ငံ လျှောက်ခွင့်ပိတ်ပင်ထားခြင်း၊ ပြင်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မှု ပိတ်ပင်တားမြစ်ခြင်း၊ ထိုင်းနိုင်ငံသားကဒ်မရရှိခြင်း၊ အကူအညီအထောက်အပံ့ ပစ္စည်းမရရှိခြင်းတို့ကြောင့် ဒုက္ခသည်မှာ ပြန်သွားနေမယ်၊ ဒုက္ခသည်အဖြစ် သတ်မှတ်ပေးဖို့နဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ ဒုက္ခသည်တွေခံစားနေရတဲ့ တတိယနိုင်ငံ လျှောက်ခွင့်တွေကို ခံစားချင်တယ်လို့ ပြောတဲ့သူတွေလဲ ရှိနေပါတယ်။

    ထိုင်းအာဏာပိုင်များအနေနဲ့ ဒုက္ခသည်စခန်းအတွင်းကို ၀င်ရောက်နေထိုင်မယ်ဆိုရင် ကျေးကွင်းဖြုတ်ရမယ်ဆိုပြီး ပြောဆိုလာရင်လည်း ကျေးကွင်းဖြုတ်ပြီးတော့ ဒုက္ခသည်စခန်းထဲကို ၀င်ရောက်နေထိုင်မယ်လို့ ပြောကြသူများလဲ ရှိနေပါတယ်။

    ယခုလက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လာမည့် အနာဂတ်မှာ ဘာဖြစ်လာကြမလဲဆိုတဲ့ သူတို့ရဲ့ရင်ထဲက ထွက်လာတဲ့ ညီးညူသံတွေကို ကြားခဲ့ပြီးတဲ့ ကျမသူတို့တတွေရဲ့ ခံစားချက်နဲ့ အခက်အခဲတွေကို လူသားချင်း ကိုယ်ချင်းစာနာမိတယ်။

    ကယန်းသာယာရွာကို ကျောခိုင်းပြီး အပြန်ခရီးတလျှောက်မှာ ကယန်းမိသားစုလေးတွေရဲ့ ဘ၀သွားလာနေထိုင်ခွင့် အခြေအနေတွေကို ခြုံပြီးတွေးကြည့်တော့ သူတို့တတွေဟာ သိုးခြံထဲက ယုန်သူငယ်လို မလူးသာမလွန့်သာ ဘ၀ကို ရောက်ရှိနေသလိုမျိုး မြင်ယောင်နေမိတယ်။ သူတို့တတွေ အဲဒီဘ၀ကနေ လွတ်မြောက်နိုင်ကြပါစေလို့ ကျမရဲ့ အပြန်ခရီးတလျှောက်မှာ အကြိမ်ကြိမ် ဆုတောင်းပေးလိုက်ပါတော့တယ်။

0 comments:

Post a Comment